Pages

Sunday, September 9, 2012

ငွေစန်းရောင်ရဲ့ “ငြိမ်ငြိမ်နေပါ နတ်သမီးရယ်”

  • စာအုပ်အမည် - ငြိမ်ငြိမ်နေပါ နတ်သမီးရယ်
  • ရေးသားသူ - ငွေစန်းရောင်
  • မျက်နှာဖုံး - ပန်းချီ လင်းဝဏ္ဏ
  • စာမျက်နှာ - ၁၆၀
  • စာအုပ်အရွယ်အစား - ၂၀.၅ x ၁၃ စင်တီမီတာ
  • စာမူ ခွင့်ပြုချက်အမှတ် - ၄၀၀ ၅၃၉ ၀၆ ၁၂
  • ထုတ်ဝေသည့် ခုနှစ်နှင့် လ - ၂၀၁၂ သြဂုတ်လ
  • ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
  • ထုတ်ဝေသည့် စာအုပ်တိုက် - လက်တွဲဖော်
  • ပုံနှိပ်ထားသည့် စက္ကူအမျိုးအစား - Woodfree ဖြူချော 
  • ရောင်းဈေး - ကျပ် ၂၀၀၀

Facebook မှာ အင်မတန် လူကြိုက်များတဲ့ မှတ်စုတိုများကို ရေးသားသူ ဒေါက်တာစိုးမင်း (http://www.facebook.com/SoeMin)ရဲ့ Facebook ပေါ်က မှတ်စု ၂၂ ပုဒ် ကို စုစည်း ထုတ်ဝေ လိုက်တဲ့ စာအုပ်ပါ။

Facebook ပေါ်က သူ့လက်ရာတွေကို သတိထားမိရာကနေ စာအုပ်ထုတ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ပထမစာအုပ်က “ဆရာဝန့်ဘက်က ရှေ့နေလိုက်မယ်နဲ့ ဓာတ်မှတ်စုတိုများ”ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ မှာ ဖြန့်ချိခဲ့ပါတယ်။

ဆက်တိုက် ထုတ်ပေးဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း စာပေစိစစ်ရေး မူဝါဒအပြောင်းအလဲများကြားမှာ ဒုတိယ စာအုပ်ကို ထုတ်ဝေခွင့်ရဖို့ စုစုပေါင်း ငါးလနီးပါး ကြာမြင့်သွားခဲ့ပါတယ်။ ဒါ့ကြောင့် သည် ဒုတိယစာအုပ်က အခုမှ ထွက်လာနိုင်တော့တာပါ။ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ရတဲ့ (၀ါ) တင်ထုတ် စာအုပ်အနေနဲ့ နောက်ဆုံး နှုတ်ဆက်ပွဲ ထုတ်လိုက်တဲ့ စာအုပ်ရယ်လို့လည်း အမှတ်တရ ပြောနိုင်ပါ လိမ့်မယ်။

စာအုပ်ထုတ်မယ်ဆိုတော့ ဆရာစိုးမင်းက “ငွေစန်းရောင်”ဆိုတဲ့ ကလောင်အမည်ကို ယူမယ်လို့ ပြောပါ တယ်။ ကျွန်တော် သူ့ကို လေးစားသွားပါတယ်။

သူဟာ စာရေးသူတစ်ယောက်ဘ၀ကို ရိုးရိုးသားသား လမ်းကြောင်းမှန်အတိုင်း ခံယူလိုသူ ဖြစ်တာမို့ပါပဲ။ ရှိနေဆဲ သူ့နာမည်ကို အသုံးပြုပြီး စာအုပ်ရောင်းမယ်ဆိုရင် အခု ရောင်းအားထက် အဆမတန် ပိုမှာပါ။ စာရေးသူအနေနဲ့ မဟုတ်ဘဲ တခြားနယ်ပယ်တစ်ခုခုမှ ရနှင့်ထားပြီးသား နာမည်ကို သုံးပြီး စာပေနယ်ထဲ ၀င်လာသူများ၊ ကိုယ့်နာမည် ရှေ့မှာဖြစ်စေ၊ နောက်မှာဖြစ်စေ ဂုဏ်ပုဒ်အကြီးကြီးတွေ လျှောက်ထည့်ရေးပြီး စာပေနယ်ထဲ ၀င်လာသူများဆိုတာကတော့ စာပေကို ခုတုံးလုပ်ပြီး ဘေးပေါက် က ငွေရှာချင်သူများ သာဖြစ်တယ်လို့ မြင်မိပါတယ်။ အဲသလို ခုတုံးမလုပ်ဘဲ စာပေကို မြတ်မြတ်နိုးနိုး လေးလေးစားစားနဲ့ စာပေနယ်ထဲ ၀င်လာကြတဲ့ ပုဂ္ဂိုလ်တွေ ခေတ်အဆက်ဆက်မှာ အများအပြား ရှိပါတယ်။“၀င်းဦး”ဟာ စာရေးဆရာအနေနဲ့ အောင်မြင်ထင်ရှား နာမည်ရပြီးမှ မင်းသား လုပ်ခဲ့တာပါ။ဖေမြင့်၊ ဂျူး၊ နိုင်ဇော်၊ ကိုတာ၊ ဂျိုဇော်၊ မြနှောင်းညို အစရှိတဲ့ စာရေးဆရာများဟာ ဆရာဝန်များ၊ အထူးကုများဖြစ်နေကြလင့်ကစား ကလောင်နာမည်အသစ် ခံယူပြီး စာပေနယ်ကို ရိုးသားစွာ ၀င်ရောက်လာခဲ့ကြ သူများ ဖြစ်သလို အောင်သင်း၊ ဇော်ဇော်အောင်၊ နန္ဒာသိန်းဇံ၊ ခင်မောင်ညို (ဘောဂဗေဒ)တို့ ဆိုရင်လည်း တက္ကသိုလ်ဆရာတွေ ဖြစ်လင့်ကစား သူတို့ ဂုဏ်ပုဒ်တွေ အားပြုပြီး စာအုပ်ရောင်းစားဖို့ မကြံစည်ခဲ့ကြတာ အထင်အရှားပါ။ (စိတ်ကူးထဲ ပေါ်လာသမျှ စာရေးသူများကို နာမည်နဲ့ တွဲပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ သည်ပုဂ္ဂိုလ်များနည်းတူ စာပေနယ်ကို ဖြတ်လမ်းကမဟုတ်ဘဲ လမ်းမှန်အတိုင်း ရိုးသားစွာ ကြိုးကြိုးစားစား ၀င်ရောက်လာပြီး နာမည်ရ ထင်ရှားနေသူတွေ အများအပြား ကျန်နေဦးမှာပါ။)

ဆရာ “ငွေစန်းရောင်”ကိုလည်း အဲဒီ့အတွက် အလွန်လေးစားပါတယ်။ Facebook မှာ နာမည်ရပြီးသား  ဒေါက်တာ စိုးမင်းဆိုတဲ့ နာမည်ကို သုံးဖို့ သူ လုံးလုံး စိတ်မကူးခဲ့ပါဘူး။ ကျွန်တော် သူ့ကို ပေးချင်တဲ့ ကလောင်နာမည်က “ဒေါက်ဆိုး”ပါ။ သူက “ငွေစန်းရောင်”လို့ ရွေးလိုက်တော့ ကျွန်တော် သိပ်သဘောမကျလှပါဘူး။ သို့သော် တစ်ခေတ်က ထင်ရှားခဲ့ဖူးတဲ့ သူ့အဘိုးရဲ့ ပုံနှိပ်တိုက်နာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်မှန်း သိတော့ သဘောမကျသည့်တိုင် သူ့စိတ်ဓာတ်ကို ပိုလို့ လေးစားသွားခဲ့ရ ပါတယ်။

သည်စာအုပ်နဲ့ ပတ်သက်လို့တော့ ကျွန်တော်က ထုတ်ဝေသူ ဖြစ်နေတာမို့ အထူး မညွှန်းပါရစေနဲ့တော့။

Facebook က မှတ်စုတွေက အပျော့မူတွေ ဖြစ်နေတာမို့ စာအုပ် (အမာမူ)အနေနဲ့ ထုတ်ဝေလိုက်တယ် လို့သာ မှတ်ယူပေးကြစေလိုပါတယ်။

ပါဝင်တဲ့ ခေါင်းစဉ်ငယ်များက အောက်ပါအတိုင်း ဖြစ်ပါတယ်ခင်ဗျား။

  1. ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု
  2. ဒေါ်လာစားတဲ့ ဘော်ဒါများ
  3. အာဆီယံဒေါက်တာ
  4. နိုင်ငံကျော်ကြီးပါ ရှင်... ရှင့်... နန်းတော်ရှေ့က တင်
  5. မင်းဖြူ မှန်မှန်ပြော
  6. ကိုယ်ဟာ ကယ်တင်ဖို့ လိုပါတယ်
  7. လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်
  8. စုံထောက်ဆရာဝန်
  9. မှုတ်လိုက်ကြစို့ သူငယ်ချင်း
  10. ငြိမ်ငြိမ်နေပါ နတ်သမီးရယ်
  11. ဂျိန်းဖောရွာက ဗိန္ဒောဆရာ
  12. ပေါလွန်လွန်းလို့ သုံးမကုန်နိုင်ပါသည်
  13. မစ္စတာ စုန်
  14. အခွင့်အရေးနဲ့ အစွမ်းအစ
  15. ဦးအိမ်ခင်
  16. ဒင်္ဂါးပြား၏ အခြားမျက်နှာ
  17. လှိုင်လှိုင်နဲ့ ကောင်းကောင်း
  18. သီတင်းကျွတ်ပြန်ပြီ
  19. ပြုံးတုံး ပြုံးတုံး တန်ဆောင်မုန်း
  20. စိန်နားကပ်ကြီး ပန်ရမလို
  21. ညောင်ပင်တစ္ဆေ ဝေလေလေ
  22. ဘ၀ရှေးဟောင်းက အကြောင်းကံ ဆုံတယ်
စာညွှန်းတင်ပြသူ = အတ္တကျော်


No comments:

Post a Comment