Pages

Friday, August 24, 2012

မိုးကောင်းကင်၌ တိမ်တိုက်များ

  • စာအုပ်အမည် - မိုးကောင်းကင်၌ တိမ်တိုက်များ
  • ရေးသားသူ - မြအေး
  • စာမျက်နှာ - ၃၂၃
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၁၂ သြဂုတ်
  • ထုတ်ဝေသည့် အကြိမ် - ဒုတိယအကြိမ်
  • တန်ဖိုး - ၃၀၀၀ ကျပ်

ခုနောက်ပိုင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ စာအုပ်များ ထွက်လာကြသည်။ ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန် ထွက်ပြီး သိပ်မကြာခင် ကိုမြအေး၏ မိုးကောင်းကင်၌ တိမ်တိုက်များ ထွက်လာသည်။ ရောင်းကောင်း ချက်ကတော့ ပြောစရာမလို ကျွန်တော်သွားဝယ်စဉ်ပင် ဒုတိယအကြိမ် ပုံနှိပ်ခြင်း ဖြစ်နေသည်။ ကျွန်တော် စာအုပ်ကို သွားဝယ်စဉ်က အနစ်နာခံခဲ့ရသော မျိုးဆက်အတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့အတွက် ရည်ရွယ်ခဲ့သော်လဲ ကိုမြအေး၏ စာအုပ်ကို ဖတ်ရင်း၊ ဖတ်ရင်း ကိုမြအေး၏ ဇာတ်အောင် မိုးအောင်နောက် တစ်ကောက်ကောက် ပါသွားတော့သည်။ စာဖတ်သူတစ်ယောက်အနေနဲ့ စာပေအပေါ်မြတ်နိုးသည့် စိတ်နှင့် ဝယ်ယူဖြစ်ခဲ့သည့် စိတ်မျိုးလဲ ခံစားလာရသည်။ (ကျွန်တော် အရင်က စာအုပ်ဝယ်လျှင် ထိုစိတ်ဖြင့်သာ ဝယ်လေ့ရှိပါသည်။)

ဖတ်ခါစတွင် ဇာတ်အိမ်များက ဟိုတစ်ကွက် ဒီတစ်ကွက် ပြန့်ကျဲနေသလို ခံစားရသော်လဲ၊ သွက်လက်သည့် ရေးဟန်က စာဖတ်သူကို ဆွဲခေါ်သွားသည်။ စိတ်ကူးယဉ်ဆန်သည့် အဖြစ်အပျက်တစ်ခု အပေါ်အခြေခံထားသော်လဲ အမိမဲ့သား ရေနည်းငါး တစ်ကောင်၏ အားငယ် စိုးရိမ်စိတ်၊ လူသားဆန်လွန်းသော ပင်ကိုယ်စိတ်၊ ပုံစံမတူသော ပတ်ဝန်းကျင်များအပေါ် တုန့်ပြန်မှု၊ ဘယ်တော့မှ မရိုးနိုင်သော အချစ်ဇာတ်လမ်း စသည်ဖြင့် အားပါ့တရ ဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။ ဝတ္ထုတွင် ပါဝင်သော စာတစ်ပိုဒ်ကို ညွှန်းရမည် ဆိုလျှင်

” ငါ စဉ်းစားကြည့်တယ် မြင့်မောင်၊ တကယ်တော့ လူတွေအားလုံးက မိုးကောင်းကင်ထဲက တိမ်တိုက်တွေပဲ၊ လောကကြီးမှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ တည်ရှိနေကြမှာပဲ၊ ဘယ်တော့မှ တူမှာမဟုတ်ဘူး၊ ဘယ်တော့မှ တစ်ထပ်တည်းကျမှာ မဟုတ်ဘူး၊ တည်ရှိမယ်၊ ကြွေလွင့်မယ်၊ဘာမှ မထူးဆန်းပါဘူး၊ လူဆိုတာ မွေးလာကတည်းက သေဒဏ်စီရင်ခံထားရတဲ့ သတ္တဝါပဲ၊ မွေးဖွားခြင်းနဲ့ သေခြင်းတရား ပါးပါးလေးပါ၊ အဲဒီ စည်းကလေးကို မကျော်ခင်မှာ ဘာတွေ လုပ်ခဲ့မလဲ ဆိုတာကသာ အရေးကြီးတာပါ၊ ငါး မင်းကို ပြောပြီးပြီပဲ၊ ငါ့ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ ငါစိတ်ချမ်းသာခဲ့တယ်၊ ငါ လွတ်လပ်ခဲ့တယ်၊ ငါ လုပ်ခဲ့တဲ့ အလုပ်တွေပေါ်မှာ ငါကျေနပ်ခဲ့တယ်၊ ငါ ဘာမှ ဝမ်းမနည်းဘူး၊ မင်းလည်း စိတ်မကောင်း ဖြစ်မနေနဲ့ မြင့်မောင်”

  • စာညွှန်းတင်သူ - စိုးသီဟနောင်

No comments:

Post a Comment